နွေရာသီအားလပ်ရက်တွေမှာ ခရီးသွားကြတဲ့ သူတွေများပါတယ်. ပူပြင်တဲ့ ရာသီမှာ ရှမ်းပြည်ဘက်ကို အလည်သွားတဲ့ သူတွေလည်း များပြားလှပါတယ်. ရှမ်းပြည်ဘက်မှာ ဆိုရင် တောင်ကြီး အင်းလေး ပင်းတယ စတဲ့ ဘုရားဖူး ခရီးစဉ်တွေကို ရွေးချယ် သွားရောက်ကြပါတယ်. ဒီလို လည်ပတ်တဲ့အခါ ဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ပြီး အင်းလေး ရဲ့ ရာဇ၀င် နောက်ခံလေးကို မျှဝေပေး ခြင်ပါတယ်.
အင်းလေးဖောင်တော်ဦးဘုရားဟာ အင်းလေးကန်ရှိ နန်ဟူးရွာလေးမှာ တည်ရှိပါတယ်. မြန်မာနိုင်ငံ ခရီးသွားတွေအတွက်လည်း ဆွဲဆောင်မှုရှိတဲ့ နေရာလေးလည်းဖြစ်ပါတယ်. လှေစီးပြီး ဘုရားတွေ ဖူးမျှော်နိုင်တဲ့အပြင် အင်းလေးရေပြင်ရဲ့ အလှအပတွေကိုပါ တွဲဖက် ခံစားနိုင်ပါတယ်.
အင်းလေးဖောင်တော်ဦးဘုရား သမိုင်း နဲ့ ပတ်သက်ပြီးတော့ အကြောင်းအရာ နှစ်မျိုး ကွဲပြားနေတာကို တွေ့ရှိရပါတယ်.


ပထမ မှတ်တမ်းအဆိုအရ သက္ကရာဇ် (၇၂၁) ခုနှစ်မှာ ညောင်ရွှေမြို့ကို တည်ထောင်ခဲ့တဲ့ ရှမ်းစော်ဘွားကြီး ဆီဆိုင်ဖ လက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄၄ ခန့် ကာလ သန်းထောင် ဘုရားနယ်မြေအတွင်း တစ်ခုသောနေရာမှာ တောခြုံပိတ်ပေါင်းတွေနဲ့ ဖုံးလွှမ်းကွယ်ပျောက် နေတဲ့ လှိုင်ဂူအတွင်းမှာ ဘုရားဓာတ်တော် ၊ မွေတော်များ ရောင်ခြည်တော် ကွန့်မြူးနေတာကို သန်းထောင်နယ်သားတို့ ဖူးမြော်တွေ့ရှိခဲ့ပါတယ်. ထို့နောက်မှာတော့ စော်ဘွားကြီး ဆီဆိုင်ဖ ထံကိုသွားရောက်ပြီး သတင်းပေးကြပါတယ်. စော်ဘွားကြီး ဆီဆိုင်ဖကလည်း အားရ၀မ်းသာဖြင့် ဆွေတော် မျိုးတော် မှူးမတ်တွေနဲ့ ပရိတ်သတ်လေးပါးမြောက်များစွာ ခြံရံပြီး သန်းထောင် အရပ်ကို ထွက်လာကာ မြက်ခြုံပိတ်ပေါင်းတို့ကို ရှင်းလင်းခုတ်ထွင်ပြီး လှိုင်ဂူကို တူးဖော်ကြည့်ရာ ဘုရားရှင် ရုပ်ပွားတော် ၅ဆူ ကို ဖူးမြင်တွေ့ခဲ့ပါတယ်. ထိုရုပ်ပွားတော် ငါးဆူအနက် နှစ်ဆူမှာ ရဟန္တပုံတော် လို့ သိရပါတယ်. ထိုရုပ်ပွားတော် ၅ဆူကို ဖောင်တော်ဦး ရုပ်ပွားတော်လို့ ခေါ်ဝေါ်ခဲ့ပါတယ်.


ဒီလို ခေါ်ရတဲ့အကြောင်းကတော့ ကောဇာသက္ကရာဇ် ၄၀၄ ခုနှစ်မှာ မင်းအဖြစ်ရောက်ရှိတော် မူတဲ့ ပုဂံပြည့်ရှင် နရပတိ အလောင်းစည်သူမင်းကြီးဟာ သာသနာတော်မြတ် စည်ပင် ၊ ပြန့်ပွား ၊ ထွန်းကားခြင်းကို လိုလားသော မင်းဖြစ်တာနဲ့အညီ ဖောင်တော်ဖြင့် လှည့်လည်ပြီး ရောက်လေ ရာအရပ်တိုင်းမှာ စေတီ ပုထိုး ဂူကျောင်း စတာတွေကို တည်ထားခဲ့ပြီး သီဟိုကျွန်းကို ရောက်တဲ့အခါမှာ သီဟိုမင်းက ဆက်သလိုက်တဲ့ သစ်ကနက်သား ဖောင်နဲ့ ဆက်လက် လှည့်လည်ပြီး မလယခေါ် မလ္လာဟုကျွန်းရောက်ခဲ့ပါတယ်. သိကြားမင်းက ဆက်သ အပ်နှင်းလိုက်တဲ့ မဟာဗောဓိသား နဲ့တကွ သရက္ခာန် နံ့သာနှစ်သားတို့ကို ရုပ်ပွားတော် ၅ဆူ ထုလုပ်ပူဇော်တော်မူပြီး ဖော်တော်ဖြင့် ရှေ့ဦးတွင် ပင့်တင်ကာ ကိုးကွယ် ယူဆောင်တော် မူလျက် နေပြည်တော် ပုဂံမြို့ ကိုပြန်ရောက်တော်မူခဲ့တယ်. ထိုသို့ဖြင့် ဖောင်တော်ဦး ဘုရားလို့ ခေါ်ဆိုခဲ့တယ်ဟုလည်း လေ့လာသိရှိရပါသည်။ စော်ဘွားကြီး ဆီဆိုင်ဖ ဟာ ဖောင်တော်ဦး ရုပ်ပွားတော် ၅ ဆူကို မိမိရဲ့ နေပြည်တော် ညောင်ရွှေမြို့တော်ကို ပင့်ဆောင်ပြီး ဟော်နန်း ဦး စံပြဿဒ်ပေါ်မှာ ကိုးကွယ်တော်မူပြီး သီတင်းကျွတ် လဆန်း ၇ ရက်သို့ရောက်တဲ့အခါမှာတေ့ ဟော်နန်းဦးမှ အောက်သို့ ပင့်ယူပြီး လှပတင့်တယ်စွာ ဆောက်လုပ် ထားတဲ့ ပြဿဒ် မဏ္ဏပ်အတွင်း ကောင်းစွာ စံစားပြီး ပြည်သူတွေ အဖူးအမြော် အပူဇော်ခံပွဲသဘင်တွေနဲ့ ကျင်းပခဲ့ပါတယ်. ဟော်နန်းဦးကနေ မြို့သို့ ကြွဆင်းတော်မူသည်ကို အစွဲပြုပြီး စစ်ဘုရားလုံးစိုင်း လူ့ပြည်သို့ကြွဆင်းလာသော မြတ်စွာဘုရားလို့ ရှမ်းဘာသာဖြင့် ခေါ်တွင်တာကြောင့် မူလဖောင်တော်ဦး ဆိုတဲ့ နာမည်မှာ အခိုက်အတန့်အားဖြင့် ကွယ်ပျောက်ခဲ့ပါသေးတယ်.


ညောင်ရွှေမြို့ မှာ နှစ်ပေါင်း ၂၅၆ နှစ်ကြာ ပွဲတော်များ ကျင်းပနိုင်ခဲ့ပြီး သက္ကရာဇ် ၉၉၇ ခုနှစ်တွင် ညောင်ရွှေမြို့ ကို စိုးစံသော စော်ဘွားမ (စောက်နန်းမ ၊ စ၀်နန်းဟေး) လက်ထက်ရောက် သော အခါ ထိုမြို့ တော်ရဲ့ ပတ်ဝန်းကျင်ရှိ အခြားစော်ဘွား မြို့စားတို့က မြို့တော်ကို ထိပါး တိုက်ခိုက်နှောက်ယှက် မှု များသောကြောင့် ဗုဒ္ဓဘာသာ ရှမ်းမြန်မာတွေ ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ဖောင်တော်ဦးရုပ်ပွားတော် ဆူကို စစ်ဘေးစစ်ဒဏ် အန္တရာယ်ကင်းရှင်းရာ ညောင်ရွှေမြို့နယ်ရှိ ရွှေအင်းတိမ်ဘုရားကြီးရဲ့ အရံစောင့် ကျွန်းသီးတော်များ နေရာကွက်တွင် ကျောင်းတော်ဆောက်လုပ်ပြီး ကျွန်သီးတော်တို့အား ၁၂ မှု မင်းရေးကိစ္စ ခပ်သိမ်းလွတ်ငြိမ်းခွင့်ပေးပြီး ထိုသူတို့ရဲ့ သူကြီးကိုလည်း ရုပ်ပွားတော်တို့ကို စောင့်ရှောက် ထိန်းသိမ်းရေး ကိစ္စများကို ဆောင်ရွက်ဖွယ် အလုပ်အားလုံးကို အမိန့်အပ်နှင်းပြီး ထိန်းသိမ်းစောင့်ရှောက်စေ ခဲ့ပါတယ်. ထိုရပ်ကွက်သည် ရွှေအင်းတိမ်ဘုရားကြီးရဲ့ အရှေ့ဘက် မြောင်ဆုံရွာ အနောက်တောင် အင်းတိမ်မြို့ဟောင်း တောင်ဘက် ယခု ဆော်မရွာလို့ ခေါ်တဲ့ ရပ်ကွက်လေးပဲဖြစ်ပါတယ်. ထိုဖောင်တော်ဦးရွာတွင် သတင်းသုံးနေသောကြောင့် ဖောင်တော်ဦးဘုရားလို့လဲ ယနေ့တိုင် ခေါ်ဝေါ်နေကြခြင်းဖြစ်ပါတယ်.


ဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ဒေသစာရီ ကြွချီသည့် ပွဲကိုလည်း အမြဲတမ်းပြုလုပ်လျက် ရှိပါသည်။ ၁၉၆၈ ခုနှစ် တွင် ဒေသစာရီ လှည့်လည်တော်မူစဉ်မှာပဲ အင်းရေပြင်မှာ မိုးကြီး လေကြီး သည်းထန်စွာ ရွာသွန်းတိုက်ခိုက်ရာ ဖောင်တော်ကြီးဟာ ရုပ်ပွားတော် ၅ဆူနဲ့ အတူ နစ်မြုပ်ခဲ့ပါတယ်. လူပေါင်းများ စွာ ရေထဲဆင်းပြီး ဆယ်ယူရာမှာ ၄ဆူ ကိုသာ ပြန်တွေ့ခဲ့ရပါတယ်. ကျန်တစ်ဆူကိုတော့ရှာမတွေ့ခဲ့ပါ။
သို့သော် ဖောင်တော်ဦး ကျောင်းတော်ကို ပြန်ရောက်တဲ့အခါမှာ ရေအောက်မှာ ရှာမတွေ့ခဲ့တဲ့ ရုပ်ပွားတော်ကို ဦးခေါင်းမှာ ရေမှော်တွေတင်လျက် မူလပလ္လင်ပေါ်မှာ အံ့သြဖွယ် ဖူးတွေ့ လိုက်ကြပါတယ်. နောက်တစ်ကြိမ်းမှာလည်း အင်းတိမ်ရွာအရောက်မှာ မိုးလေသည်းစွာ တိုက်ခတ်လာပြန်သဖြင့် ရုပ်ပွားတော်တွေကို ညတွင်းချင်းပဲ မူလစံကျောင်းကို ပြန်လည် ပင့်ခဲ့ရပါတယ်.


အဲ့ဒီ့အချိန်မှ စပြီး ပွဲတော်ကျင်းပတိုင်း ရုပ်ပွားတော် ၄ဆူသာ ဒေသစာရီ ကြွတော်မူပါတယ်. ဖောင်တော်ဦး ဘုရားကို အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြှော်ကြပြီး ယခုအခါမှာတော့ နိုင်ငံခြားခရီးသွားတွေကို မသွားမဖြစ် သွားရောက်ကြတဲ့ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံးသော နေရာတစ်ခုအဖြစ် ဂုဏ်ယူဖွယ် ရှိနေပါတော့တယ်.
 
Top