တစ်စီးကို ဒေါ်လာ တစ်သန်းခွဲလောက် တန်ဖိုးကျသင့်မယ့် မိုးပျံကားတွေကို ဆလိုဗက်ကီးယား အခြေစိုက် ကုမ္ပဏီ တစ်ခုက မိုနာကိုမှာ ပြသခဲ့ပါတယ်။
မိုးပျံကား စမ်းသပ်မောင်းနှင်မှု ဗွီဒီယိုဖိုင်   ကိုလည်း အောက်မှာ ကြည့်ရှုနိုင်ပါတယ်။


AeroMobil ကုမ္ပဏီဟာ Top Marques Monacoမှာ ဒီမိုးပျံကားတွေရဲ့ တည်ဆောက်ဆဲအဆင့် Prototype မော်ဒယ်လ်တွေကို ပြသသွားတာ ဖြစ်ပါတယ်။ ကုမ္ပဏီက အမှာစာတွေ စတင်လက်ခံသွားမယ်လို့ ကြေညာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ဒီမိုးပျံကားတွေကို လက်တွေ့ ရောင်းချလာနိုင်မယ်လို့လည်း အာမခံထားပါတယ်။
AeroMobilက မျက်ရည်စက်ပုံစံ အချိုးအဆက်နဲ့ ဒီဇိုင်းတည်ဆောက်ထားတဲ့ မိုးပျံကားတွေဟာ လမ်းပေါ် မောင်းနှင်နေရာကနေ ၃ မိနစ်အတွင်း လေထဲပျံတက်နိုင်တဲ့ Flight Modeကို ပြောင်းလဲနိုင်မယ်လို့ အာမခံထားပါတယ်။ ကားအဖြစ် မောင်းနေချိန်မှာ အတောင်ပံတွေကို ခေါက်ထားပြီး ကျစ်ကျစ်လစ်လစ် ပုံစံနဲ့ ရှိနေမှာဖြစ်ပြီး မိုးပေါ်ပျံချိန်မှ အတောင်တွေကို ဆန့်ထုတ်နိုင်အောင်လည်း စီစဉ်ထားပါတယ်။
ဥရောပနဲ့ အမေရိကမှာ မိုးပျံကားတွေ လက်တွေ့ ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီ ဆယ်ဂဏန်းလောက်ရှိပြီး AeroMobilကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဈေးကွက်ဝင် ရောင်းချတဲ့ အဆင့်မှာ ဒီကားတွေရဲ့ တန်ဖိုးဟာ တစ်စီး ဒေါ်လာ ၁.၂ သန်းကနေ ၁.၆ သန်းကြား ရှိမယ်လို့လည်း AeroMobilက ဆိုတယ်။ လတ်တလောမှာတော့ မိုးပျံကား အစီးရေ ၅၀၀ လောက်သာ ထုတ်လုပ်ဖို့လည်း ရည်ရွယ်ထားတယ်လို့ AeroMobilရဲ့ ပြန်ကြားရေးဌာန အကြီးအကဲ စတီဖန် ဗာဒေါ့ဇ်က ပြောပါတယ်။
မိုးပျံကားတွေဟာ လူပြောများတဲ့ တီထွင်ဖန်တီးမှု နယ်မြေသစ်တစ်ခု ဖြစ်လာပေမယ့် အများပြည်သူ လုံခြုံရေး ရှုထောင့်ကနေ စိုးရိမ်မှုတွေလည်း ရှိနေဆဲပါ။ ဒါ့အပြင် မိုးပျံကား မောင်းနှင်သူဟာ ယာဉ်မောင်းလိုင်စင်ရော၊ လေယာဉ်မောင်း လိုင်စင်ပါ ရှိနေဖို့ လိုအပ်မယ်လို့လည်း သိရှိရပါတယ်။

မိုးပျံကား စမ်းသပ်မောင်းနှင်မှု ဗွီဒီယိုဖိုင် 
Ref: Reuters
 
Top